ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Google ကနေ Starlink နဲ့အပြိုင် အင်တာနက်ကုမ္ပဏီတစ်ခု ခွဲထွက်
Starlink ကို ယှဉ်ဖိုက်မယ့် အင်တာနက်ကုမ္ပဏီတစ်ခု Google အောက်ကနေ ထွက်လာပါတယ်။
Taara ဆိုတဲ့ ဒီကုမ္ပဏီက Google မြေတောင်မြှောက်ပေးထားတဲ့ အင်တာနက်ပရောဂျက်တစ်ခု ဖြစ်ပြီး အခုက လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် ခွဲထွက်တော့မှာပါ။ Taara ပရောဂျက်က Google ရဲ့ အင်တာနက်မိုးပျံပူဖောင်းပရောဂျက် Loon ကနေ မြစ်ဖျားခံတယ်လို့ ပြောနိုင်ပါတယ်။
Loon အတွက် ပူဖောင်းတွေ လွှင့်တာက အစိုးရဘက်ကရော ဥပဒေသမားတွေကပါ လက်မခံရာကနေ Loon ပရောဂျက် ပျက်သွားခဲ့ပြီး Taara ပရောဂျက်ကို Google က ပံ့ပိုးလာတာပါ။ Series X Capital ကနေ ရံပုံငွေနဲ့ ထောင်ထားတဲ့ Taara မှာ Google (Alphabet) က minority stake လို့ ခေါ်တဲ့ ကုမ္ပဏီဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်မရှိတဲ့ အနည်းစုရှယ်ယာပိုင်ရှင်အဖြစ် ဆက်ပါနေဦးမှာပါ။
Prison Break (Reboot) အတွက် နာမည်ရ သရုပ်ဆောင်တွေကို ထပ်မံရွေးချယ်
၂၀၂၃ ခုနှစ်အတွင်းမှာ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Prison Break ကို Reboot ချ ရိုက်ကူးသွားမယ်လို့ အတည်ပြုကြေညာလိုက်တဲ့အတွက် ရုပ်ရှင်ပရိသတ်တွေကြား ဝေဖန်သံတွေ ပွက်လောညံခဲ့တဲ့အပြင် ကြားရသူအပေါင်း အံ့ဩတကြီး ဖြစ်ခဲ့ရပါတယ်။
ဒီသတင်းထွက်လို့ နှစ်အတန်ကြာပြီးနောက်မှာ Prison Break Reboot က ဇာတ်လမ်းအတွက် တည်ဆောက်မှု၊ ပြင်ဆင်မှုတွေအပြင် ယခုအချိန်မှာ သရုပ်ဆောင်တွေ ရွေးချယ်မှုနဲ့အတူ တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပြီပါပြီ။
Hulu ကနေ ထုတ်လွှင့်သွားမယ့် ဒီ reboot မှာ ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်တဲ့ Sucker Punch မှ Emily Browning, Euphoria မှ Lukas Gage, Landman မှ Drake Rodger သုံးယောက်ကို အမြဲတမ်းသရုပ်ဆောင်အဖြစ် ဒီရက်ပိုင်းအတွင်းမှာ ရွေးချယ်ခဲ့တာပါ။
ဇာတ်လမ်းထဲမှာ Emily Browning က စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကရဲ့ အကြမ်းတမ်းဆုံး ထောင်တစ်ခုမှာ အလုပ်လုပ်မယ့် ဇာတ်ကောင်နေရာ၊ Lukas Gage က ချမ်းသာကြွယ်ဝတဲ့ နောက်ခံရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်၊ Drake Rodger က အမေရိကရဲ့ ကြောက်စရာအကောင်းဆုံး ထောင်မှာ အကျဉ်းကျခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဖြစ်တဲ့ လူဆိုးတစ်ယောက်အနေနဲ့ အသီးသီး သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Reboot စီးရီးက ပရိသတ် အခိုင်အမာရှိထားပြီးသားဖြစ်တဲ့ ယခင် Prison Break နဲ့ Universe တစ်ခုထဲမှာ ရှိမှာဖြစ်ပေမဲ့ မူလဇာတ်ကောင်တွေကတော့ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။
အီလွန်မတ်စ်ကို CEO ရာထူးက ဆင်းခိုင်းနေပြီ
Tesla investors တွေကတော့ အီလွန်မတ်စ်ကို မကျေနပ်တော့ပါဘူး။
စတော့တွေ ထိုးကျလိုက်လာတာ အီလွန်မတ်စ် မွှေလို့ ဖြစ်ရတာလို့ တွေးတဲ့သူတွေ ရှိလာပါတယ်။ ဒီထဲမှာ Tesla ရဲ့ အစောဆုံး investor တွေထဲက တစ်ဦးဖြစ်တဲ့ ရော့စ် ဂါဘာလည်း ပါပါတယ်။ သူကတော့ ဒေါ်နယ်ထရမ့်နဲ့ ပေါင်းပြီး နိုင်ငံရေးမှာ အီလွန်မတ်စ် ဝင်ပါလို့ Tesla စီးပွားရေးထိခိုက်တာလို့ မြင်ပါတယ်။
Gerber Kawasaki ရဲ့ CEO ဂါဘာက အီလွန်မတ်စ်ရဲ့ ဦးဆောင်မှုနဲ့ Tesla အနာဂါတ်ကို အကောင်းမြင်ခဲ့တဲ့ အကြီးစား ရင်းနှီးမြှုပ်နှံသူပါ။ အခုတော့ ကုမ္ပဏီကို တခြားသူ ဦးဆောင်ဖို့လိုနေပြီလို့ ထုတ်ပြောလာပါတယ်။
"Tesla မှာ CEO သစ်လိုနေပြီလို့ ကျွန်တော်ထင်တယ်။ ဒါကို ပြောရတော့မယ်လို့ ဒီနေ့ပဲ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ။ ဒါက ကျွန်တော်အခုလို ထုတ်ပြောတဲ့ ပထမဆုံး show လည်း ဖြစ်ပါတယ်။" လို့ Sky ရဲ့ Business Live မှာ ဂါဘာက ပြောသွားပါတယ်။
အီလွန်မတ်စ်က နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များနေပြီး Tesla ကုမ္ပဏီကို အကြာကြီး ပစ်ပယ်ထားတယ်လို့လည်း ဂါဘာက ပြောပါတယ်။ အီလွန်မတ်စ်အနေနဲ့ Tesla ကို ပြန်လာပြီး CEO လုပ်မလား။ အစိုးရအလုပ်တွေဘက် အာရုံစိုက်မလားလို့လည်း သူက မေးခွန်းထုတ်ပါတယ်။
အစိုးရအသုံးစရိတ်ဖြတ်တောက်ရေးအတွက် ဖွဲ့လိုက်တဲ့ DOGE ဌာနသစ်မှာ ခေါင်းဆောင်ဖြစ်သွားတဲ့နောက် အီလွန်မတ်စ်ဟာ လူထုအမုန်းတရားနဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံနေရသလို Tesla ကားတွေ သပိတ်မှောက်တာ ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
လျှပ်စစ်ကားဈေးကွက်မှာလည်း ဈေးသက်သာပြီး ပြိုင်ဆိုင်မှုမြင့်တဲ့ တရုတ်ထုတ် EV တွေက Tesla ရဲ့ ဈေးကွက်ဝေစုကို ဖဲ့ယူနေပါတယ်။ လက်ရှိမှာ Tesla ရှယ်ယာတွေ ထိုးကျပြီး ဒီဇင်ဘာလနောက်ပိုင်း ဈေးကွက်တန်ဖိုး ဒေါ်လာဘီလျံ ၈၀၀ ကျော် ကျဆင်းထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မတ်စ်ဟာ DOGE မှာ ဝင်ပါနေတဲ့အပြင် Tesla နဲ့ SpaceX အာကာသလုပ်ငန်းတွေမှာလည်း CEO အဖြစ် ဦးဆောင်နေပါတယ်။
သုခဘုံ ပျောက်ဆုံးသွားသောအခါဝယ်
အသက် ခြောက်ဆယ်တန်း၊ ခုနှစ်ဆယ်တန်းတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့စကားထဲမှာ သူတို့ခေတ်တုန်းက ဘယ်ရုံမှာ ဘယ်လိုရုပ်ရှင်တွေ ကြည့်ခဲ့ရတာ၊ ဘယ်ဇာတ်ကားတွေက ဘယ်လိုကောင်းတာဆိုပြီး မှတ်မှတ်ရရ ပြန်ပြောင်းအောက်မေ့ပြီး ပြောတဲ့စကားတွေ ပါလာတတ်တာကို သတိထားမိတယ်။ ဒါတင်မကသေးဘဲ သူတို့ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေကို ဘယ်ရုံမှာ ကြည့်တယ်ဆိုတာကအစ ဘောလုံးကွင်းထဲ ပိတ်ကားထောင်ပြီး ပြတာအဆုံးတောင်မှ ပါတတ်သေးတယ်။
ရယ်စရာတစ်ခုက ရုပ်ရှင်ထဲမှာ ဖိုက်တင်ပလေးတဲ့ အခန်းတွေ ပါလို့ မင်းသားက ခံနေရပြီဆိုရင် လူအုပ်ကြီးက မရိုးမရွဖြစ်လာပြီး ဒေါသတွေ ပေါက်ကွဲကြတယ်တဲ့။ ဒါတင်မကသေးဘဲ ပိတ်ကားကြီးကိုပါ ခဲနဲ့ ထုကြလို ပေါက်ပြဲကုန်ပြီး လျော်ရတာလည်း အကြိမ်ပေါင်း မနည်းဘူးလို့ ပြောကြသေးတယ်။ နောက်ထပ်ရယ်စရာတစ်ခုက ကိုယ့်အကြောင်းပါပဲ။ ကလေးတုန်းက ရုံသွားကြည့်ရင်း ကိုယ်က တအားသိုင်းကစားပြတာ။ ဘယ်လိုလဲဆိုတော့ ရုပ်ရှင်ထဲမှာ ချခန်း၊ဖိုက်ခန်းတွေ ပါလာရင် လူက ခြေမြှောက်လိုက်၊ လက်မြှောက်လိုက်နဲ့ ရုပ်ရှင်ထဲ ဈာန်ဝင်စားသွားတတ်တယ်။
တကယ်တော့ လူတွေအတွက် တကယ် တကယ်တမ်းပြောရရင် အရေးအကြီးဆုံးက စားဝတ်နေရေးပါပဲ။ ဒါပေမဲ့ အသံတိတ်ရုပ်ရှင်တွေ စပေါ်လာကတည်းက လူတွေရဲ့ ဘဝမှာ ဒီနေ့ဒီအချိန်အထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကတော့ ရုပ်ရှင်တွေလို့ ပြောရမယ်။ လူတွေက သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူရည်းစားတွေနဲ့ ရုပ်ရှင်ရုံထဲသွား၊ တစ်ယောက်တည်းသွားလည်း ဘာမှမဖြစ်ဘူး။ ရုံထဲမှာ သူလိုကိုယ်လို အဖော်တွေ များကြီးရှိတယ်။ အထီးကျန်နေမှာ မဟုတ်ဘူး။ ပြနေတဲ့ ရုပ်ရှင်က ကြောက်ဖို့ကောင်းနေရင် လူတွေရဲ့ မျက်လုံးတွေက ပိတ်ကားပေါ် မရှိတော့၊ ရယ်စရာကောင်းနေရင် လူတွေရဲ့ ရယ်သံက ရုံအပြင်ဘက်အထိတောင်မှ ထွက်လာတတ်သေး၊ ဝမ်းနည်းစရာဆိုရင်တော့ မှိန်တလှည့် လင်းတလှည့် ပိတ်ကားဆီက အလင်းပြန်တဲ့ အလင်းရောင်အောက်က လူတွေရဲ့ မျက်နှာမှာ မျက်ရည်တွေ အတိုင်းသားကျလို့။
ဒီအကြောင်းတွေက ကျန်ခဲ့ပြီဖြစ်တဲ့ အတိတ်တုန်းက အကြောင်းအရာတွေပေါ့။ လူအများစုက အကြောင်းကြောင်းကြောင့် ရုပ်ရှင်ရုံတွေဆီ မရောက်ဖြစ်ကြတော့ဘူး။ ရုပ်ရှင်ဇာတ်ကားတွေကလည်း လူတွေကို လာကြည့်ဖို့ မဆွဲခေါ်နိုင်တော့ဘူး။ မျက်စိရှေ့မှောက်မှာတင် ပြိုကျပျက်စီးခဲ့ပေါ့။ လူတွေနည်းတူ လောကဓံရဲ့ ရိုက်ပုတ်မှု ဒဏ်ကို ခံရတဲ့အထဲ ရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်ကားတွေလည်း ပါတယ်ဆိုတဲ့ သဘောပါပဲလေ။
ဖြစ်ရပ်မျိုးစုံ ပါဝင်ပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆင့်ကဲပြောင်းလဲလာတဲ့အကြောင်းကိုမှ သိပ်ကို ကြည်နူးဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ ရသအဖုံဖုံ လွှမ်းထုံထားတဲ့ အီတလီ ဂန္ထဝင်ရုပ်ရှင်တစ်ကား ရှိတယ်။ ရုပ်ရှင်နာမည်က ‘Cinema Paradiso’ တဲ့။ ရုပ်ရှင်နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်လမ်းလေးကလည်း သဘောကျဖို့ကောင်းတယ်။ ပြည်တွင်းပြည်မှ အသိအမှတ်ပြုခံရရုံသာမကဘဲ ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရှင်ဆုတွေလည်း အများကြီး သိမ်းပိုက်ထားနိုင်သေးတယ်။
ဇာတ်လမ်လေးက ဒီလို။ ရောမမှာ နေတဲ့ Salvatore Di Vitta ဆိုတဲ့လူက နာမည်ကြီး ဒါရိုက်တာတစ်ယောက်ပါ။ အိမ်ပြန်နောက်ကျတဲ့ တစ်ညမှာ သူ့ကို သတင်းတစ်ခုက စောင့်နေတယ်။ ဒါက သူ့အမေ ဖုန်းဆက်တယ်၊ ချန်ခဲ့တဲ့ သတင်းက Alfredo ဆိုတဲ့လူ ဆုံးပါးသွားခဲ့တဲ့။ ဒီသတင်းကို ကြားလိုက်ပြီးတဲ့နောက် ပြန်မရောက်တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဖြစ်တဲ့ စီစလီက မွေးရပ်မြေရွာလေးမှာ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေက သူ့မှတ်ဉာဏ်ထဲကို တားမရဆီးမရ ဝင်ရောက်လာခဲ့တော့ပါပဲ။ ကျန်တာကိုတော့ မပြောတော့ဘူး။ ပရိသတ်တွေပဲ ဇာတ်လမ်းထဲမှာ စီးမျောရင်း ခံစားကြည့်ပါလို့။
စာဖတ်ဝါသနာပါသူတွေက စာအုပ်ကောင်းတစ်အုပ်တွေ့ရင် အချင်းချင်း လက်တို့ပြီး ဝေမျှကြသလို ရုပ်ရှင်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကိုယ်ကလည်း ‘Cinema Paradiso’ ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား တွေ့ထားမို့ ဝါသနာတူချင်း လက်တို့လိုက်ပါတယ်။