Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြောက်ဥက္ကလာပတွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နိုဝင်ဘာ ၁၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းတွင် လှမင်းထွန်း မောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုး နှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့် တို့ လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စားသောက်ကုန်များ အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ လိပ်ကုန်း ကျေးရွာနေ ဖမ်းဆီးရမိယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူး နှင့် ဇနီး မမိုးစံပယ် တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်အကျိုးအမြတ်များဖြင့် ဝယ်ယူ ပိုင်ဆိုင်ထားသည့် KING LONG အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်တစ်စီးနှင့် HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ် တစ်စီးတို့အား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိကြောငိး သိရသည်။
ထို့အပြင် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#centralnewsnaypyitaw