Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရွှေဆိုင်လိုင်စင်လျှောက်ရင် အာမခံကြေး ထားရမယ့်စနစ်ကြောင့် တပိုင်တနိုင်ရွှေဆိုင်ငယ်တွေ အခက်တွေ့လာ
ဒီဇင်ဘာ ၁၃
ရွှေအရောင်းအဝယ်လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းလိုင် စင် ပြန်လည်လျှောက်ထားရာမှာ ဆိုင်မှာ ရောင်းချမယ့် ရွှေတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အာမခံကြေးအဖြစ် ထည့်သွင်းထားဖို့စနစ်သတ်မှတ်လိုက်တာကြောင့် တပိုင်တနိုင်လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်အသေးတွေ အနေဖြင့် အခက်ခဲတွေဖြစ်ပေါ်မှုရှိနေတယ်လို့သိရပါတယ်။
အခုနှစ်ရဲ့ပြီးခဲ့တဲ့အောက်တိုဘာလ၂၅ရက်နေ့မှာ ရွှေအရောင်း အဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး သုံးလအတွင်း အဖိုးတန်ဓာတ်သတ္တုလုပ်ငန်းလိုင်စင်သစ် လျှောက်ထားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။
အဲ့ဒီ့ညွှန်ကြားချက်အထဲ ရွှေအရောင်းအဝယ်လုပ်ငန်းလိုင်စင်လျှောက်ပါက ရွှေတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အာမခံကြေးအဖြစ် ထည့်သွင်းထားဖို့ သတ်မှတ်ချက်လည်းပါဝင်နေတယ်လို့ဆိုပါတယ်။
" ရွှေအရောင်းအဝယ်က လိုင်စင်ရှိမှပဲလုပ်လို့ရမယ်။အဲဒီလိုင်စင်ကိုလည်းပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ရက်ကစပြီး၃လအတွင်းလျှောက်ဖို့ အသိပေးထားတယ်။အဲ့ဒီ့မှာလည်း လိုင်စင်လျှောက်ဖို့ လုပ်ရမယ့်အချက်အလက်တွေအများကြီးပါနေတယ်။ ဒီအချက်တွေထဲ လိုင်စင်လျှောက်ရင် ဘဏ်မှာ၂၅ရာခိုင်နှုန်းအာမခံထားရမယ်ဆိုတာကတော့ ဆိုင်ကြီးနာမည်ကြီးတွေ အတွက်ကိစ္စမရှိလောက်ပေမယ့်။ဆိုင်ငယ်တွေနဲ့ တပိုင်တနိုင် အရောင်းအဝယ်တွေ အတွက်ကတော့ ခက်ခဲသွားတယ်။ သူတို့ကငွေကြေးအင်အားအရနည်းပါးတာရော ဆိုင်ကြီးတွေကနေ ကိုယ်စားလှယ်သဘောယူရောင်းနေရတာတွေရောကြောင့် လိုင်စင်မရလို့အရောင်းအဝယ်မလုပ်ရတော့ရင် ဆိုင်ပိတ်ရတော့မယ့်အနေအထားတွေမှာရှိပါတယ်လို့" အင်းစိန်မြို့နယ်မှာ ရွှေဆိုင်ဖွင့်ကာလုပ်ငန်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ရွှေရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင် ပြန်မလျှောက်သူများကို အရေးယူဖို့အသိပေးတာနဲ့ လိုင်စင်လျှောက်ရာမှာလုပ်ငန်းပမာဏ ၂၅ ရာခိုင်နှုန်း ဘဏ်ထောက်ခံချက်အပြင်နေ့စဉ်၊ လစဉ်အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းများကိုပြုစုပြီး သက်ဆိုင်ရာ ကနဦး စိစစ်ရေး အဖွဲ့ထံ လစဉ် လဆန်း ၅ ရက်အတွင်း မပျက်မကွက် တင်ပြရမယ်လို့ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်အသိပေးမှုတွေလည်း ရှိနေပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းကို ထိန်းချုပ်ရန် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီဖွဲ့စည်းပြီး ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ကာ ရွှေဈေးနှုန်းကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း(YGEA)နဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ နေ့စဉ်တိုင်းထုတ်ပြန်နေပေမယ့် ပြင်ပပေါက်ဈေးနဲ့ကွာခြားလျက်ရှိနေဆဲဖြစ်တယ်လို့ ရွှေဈေးကွက်ကနေသိရပါတယ်။
" ရွှေက အခု ဒီနေ့ဆို ၁ကျပ်သားဈေး ကို၅၃သိန်း၈သောင်းလို့ သတ်မှတ်ပေမယ့် ပြင်ပမှာ အဲ့ဈေးအတိုင်းဟုတ်မနေဘူး။ ထုတ်တဲ့ဈေးထက် ပိုနေတဲ့ဈေးနဲ့ အရောင်းဖြစ်နေတယ်။ဝယ်တဲ့ဈေးကျတော့လည်း ထုတ်တဲ့ဈေးအောက်ရှိနေပြန်တော့ အခုက ရွှေဆိုကြီးကြီးမားမားဝယ်သူနည်းသွားပြီး18Kလို အထည်သေး အလှတွေပဲအနည်းကျဉ်းဝယ်သူတွေသာရှိတော့တယ်လို့ တပိုင်တနိုင်ရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တွေအနေနဲ့ ယခင်က စည်ပင်လိုင်စင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့အဖိုးတန်သတ္တုရွှေကိုင်ဆောင်ခွင့်လိုင်စင် နှစ်မျိုး သာရှိခဲ့ပြီး ယခုလျှောက်ထားဖို့အသိပေးထားတဲ့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပေးမယ့် ရွှေလက်ဝတ်ရတနာရောင်းချခွင့်ရွှေဆိုင်လိုင်စင်နဲ့ ရွှေတုံးရွှေခဲအတုံးလိုက်ရောင်းချခွင့်လိုင်စင်နှစ်မျိုးပါ အပါအဝင်ဆိုပါက ရွှေလုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းလိုင်စင်အမျိုးအစား လေးမျိုးကို ကိုင်ဆောင်ပြီး လုပ်ငန်းလုပ်ကိုင်ရမယ်လို့ သိရပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေရောင်း ဝယ်ခြင်းလုပ်ငန်းကို အရေး ကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီးနောက် နိုဝင်ဘာ၁၈ရက်ကစကာ ၃လအတွင်းလုပ်ငန်းလိုင်စင် လျှောက်ထားကြဖို့နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို မလိုက်နာပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အညီ ထောင်ဒဏ်၆ လမှ ၃ နှစ်အထိချမှတ်ခံရမယ့်အပြင် ကျပ် ၅ သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခံရနိုင်တဲ့ ပုဒ်မနဲ့အရေးယူခံရမယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Photo:CJ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး