ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗန်းမော်တိုက်ပွဲ တလခန့် ကြာမြင့်လာပြီး ဆက်လက် ပြင်းထန်နေ
ဇန်နဝါရီ ၅
ကချင်ပြည်နယ် (တောင်ပိုင်း)၊ ဗန်းမော်မြို့မှာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာဟာ လက်ရှိမှာတော့ အချိန်တလခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးတချို့ကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခြေလျင်တပ်ရင်း (ခလရ - ၄၇) အပါအဝင် မြို့ရှိ နစကတပ်ရင်း ဌာနချုပ်တွေကို KIA ပူးပေါင်းတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သလို နစကဘက်ကလည်း လေကြောင်းပစ်ကူတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက ပိုဆိုးလာတယ်ပဲ ပြောရမယ်။ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဟိုတယ်တွေနဲ့ အဆောက်အအုံအမြင့်တွေလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်သလောက် ဖြစ်နေပြီ။ မြို့ထဲဘက် အခြေအနေအရမ်းဆိုးတယ်။ ကျန်ခဲ့တဲ့သူတွေလည်း အထိအခိုက် ပိုများလာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် သောင်းနဲ့ချီတဲ့ ဗန်းမော်ဒေသခံတွေဟာ ဧရာဝတီမြစ် တဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေဆီ သွားရောက် တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
“အကုန်လုံး ဒုက္ခရောက်နေကြတာ။ ပြန်စရာအိမ်ကလည်း မရှိလောက်တော့ဘူးလေ။ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ သွားကြည့်လို့လည်းမရ။ ခွန်သာ၊ တပ်ကလေးရပ်ကွက် အားလုံးနီးနီး ပျက်စီးကုန်ပြီကြားတယ်။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး မတတ်နိုင်တော့ဘူးလေ။ မိုးဖိန်းရွာဘက်ရောပဲ အိမ်တွေပျက်စီးကုန်ပြီပြောကြတယ်။ နောက်ထပ်ရောက်လာကြတဲ့ စစ်ရှောင်တွေဆီက ကြားရတာ။ မပျက်စီးသေးတဲ့ တချို့အိမ်တွေကတော့ ပစ္စည်းတွေ အခိုးခံနေရတယ်။ အဲယားကွန်းတွေ ဖြုတ်ခိုးတာ။ ဆိုင်ကယ်တွေရော။ သူခိုးတွေက ရသမျှ အကုန်ယူနေကြတာ။ ဗန်းမော်မြို့ကတော့ အခြေအနေ အတော်လေးကိုဆိုးနေတာ” လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဟာ နစကရဲ့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆ ၊ ၄၇) ၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ (၅၀၁၄) တင့်ကားတပ်တို့အပြင် လက်ရုံးတပ်ရင်း ငါးခုလောက် အခြေစိုက်ထားတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ရဲ့ တောင်ဘက် ၁၁၅ မိုင်အကွာမှာ တည်ရှိကာ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့် ကွာဝေးသလို တာပိန်မြစ်နဲ့ ဧရာဝတီမြစ်တို့ဆုံရာမှ ၅၃ မိုင် ကွာဝေးတယ်လို့ သိရပါတယ်။
Photo:CJ
#သတင်းဟင်းလေးအိုးကြီး