Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဂ်လန်ပရီးမီးယားလိဂ်ကလပ်တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်ကစားသမား မားလ်ကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေကြောင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီအငှားခေါ်ယူချင်နေတဲ့ဥရောပထိပ်တန်းကလပ်အသင်းတသင်းဖြစ်တယ်လို့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒီရာသီကာလမှာစွမ်းဆောင်ရည်မကောင်းမွန်ခဲ့တဲ့နောက်မှာတော့ အသင်းတိုက်စစ်ပိုင်းအားကောင်းစေဖို့အတွက်အသင်းဆီကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့ရှာဖွေနေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်းစပါးအသင်းအနေနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူရာမှာအေစီမီလန်အသင်းနဲ့ဘိုရပ်ရှားဒေါ့မွန်အသင်းတို့နဲ့အပြိုင်လုပ်ဆောင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ရက်ရှ်ဖို့ဒ်ရဲ့အေးဂျင့်အနေနဲ့လည်း အေစီအသင်းနဲ့ဆွေးနွေးဖို့သွားရောက်ခဲ့ပြီး ဂျုဗင်တပ်အသင်းနဲ့ဂါလာတာစာရေးအသင်းတို့ကလည်း သရဲနီအသင်းတိုက်စစ်ကစားသမားကိုစိတ်ဝင်စားမှုရှိနေတာဖြစ်ပါတယ်။
#ဘောလုံးပွဲသတင်းစုံ
မြန်မာမှ နျူကလီးယား ကုန်ကြမ်းများကို မှောင်ခိုကူးခဲ့ကြောင်း ဝန်ခံ
နယူးယောက်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံမှ နျူကလီးယားကုန်ကြမ်းများကို မှောင်ခိုကူးမှုဖြင့် အမေရိကန်အာဏာပိုင်များ၏ တရားစွဲဆိုမှုအား ခံခဲ့ရသည့် ဂျပန်ရာဇဝတ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းခေါင်းဆောင်က ဇန်နဝါရီ ၈ ရက်တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည် ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံမှ တာကီရှီ အီဘီဆာဝါ (၆၀ နှစ်) ဆိုသူသည် နယူးယောက် (New York) ပြည်နယ်၊ မန်ဟက်တန် (Manhattan) မြို့တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
သူသည် ယူရေနီယံနှင့် လက်နက်သုံးအဆင့် ပလူတိုနီယံများ အပါအဝင် နျူကလီးယား ကုန်ကြမ်းပစ္စည်းများကို မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ မှောင်ခိုကူးရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု အမေရိကန် တရားရေး ဌာနက ပြောကြားခဲ့သည်။
ထို့ပြင် အီဘီဆာဝါသည် မူးယစ်းဆေးဝါး မှောင်ခိုကူးမှုနှင့် အခြား လက်နက် အမှုများကိုလည်း ဝန်ခံခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်အာဏာပိုင်များက ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် အီဘီဆာဝါကို မြန်မာနိုင်ငံမှ နျူကလီးယား ကုန်ကြမ်းများအား အီရန်က အသုံးပြုမည့် နျူကလီးယား လက်နက်များတွင် အသုံးပြုရန်အတွက် မှောင်ခိုကူးမှု၌ ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သူသည် ၂၀၂၂ ခုနှစ်ကလည်း နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု အပြင် အခြားလက်နက် အမှုများနှင့်လည်း တရားစွဲဆိုခံခဲ့ရသည်။
“ဒီနေ့မှာတော့ သူဟာ ဖက်ဒရယ်တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။ တာကီရှီ အီဘီဆာဝါဟာ လက်နက်အဆင့် ပလူတိုနီယံ အပါအဝင် နျူကလီးယား ကုန်ကြမ်းတွေကို မြန်မာနိုင်ငံထဲက မှောင်ခိုထုတ်ခဲ့ပါတယ်”ဟု အမေရိကန်အစိုးရရှေ့နေ အက်ဒ်ဝပ် ကင်မ်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဘိန်းဖြူနှင့် မက်သာဖီတမင်း မူးယစ်ဆေး အများအပြားကို အမေရိကန်နိုင်ငံအတွင်း သို့ တင်သွင်းရန် လုပ်ဆောင်ခဲ့ကြောင်း၊ အပြန်အလှန် အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်မြေပြင်များ တွင် အသုံးပြုနိုင်မည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကဲ့သို့ လက်နက်ကြီးများကို ရရှိခဲ့ကာ နယူးယောက်မှ တိုကျိုအထိ မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေကြေးများအား ခဝါချခဲ့ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
အီဘီဆာဝါ၏ အကြံအစည်ကို အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ အာဏာပိုင်များက ပူးပေါင်း ဆောင်ရွက်မှုမှ တဆင့် ထောက်လှမ်းသိရှိပြီး တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ
ပုံ - လက်နက်မှောင်ခိုသမား တာကီရှီ အီဘီဆာဝါဟာကို တွေ့ရစဉ်
#centralnewsnaypyitaw
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အခုဇန်နဝါရီ ၉ ရက်နေ့မှစတင်လို့ ရပ်ကွက်အတွင်းမှာ နေထိုင်ကြတဲ့ ကိုယ်၀န်ဆောင်အမျိူးသမီးများစာရင်း၊ အသက်ငါးနှစ်အောက်ကလေးသူငယ်များစာရင်း၊အသက် ၇၀ အထက်ကျား/မစာရင်း၊ မသန်စွမ်းသူများစာရင်းကိုစတင်ကောက်ယူ နေတာလို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
"အမလည်း မွေးစာရင်းသွားတင်ထားတယ်။လူတွေကတော့ ရပ်ကွက်ရုံးမှာကြိတ်ကြိတ် တိုးပဲ။မနေ့က နေ့လည် ၂ နာရီလောက်က စပြီးစာရင်းကောက်တာ လူအရမ်းများနေလို့ အခုခဏရပ်ထားတယ်။ဘယ်လောက်ပေးမှာလဲတော့ မပြောသေးဘူး။အိမ်က အဖေကလည်း အသက် ၇၀ ကျော်ဆိုတော့ သူလည်း သန်းခေါင်စာရင်းတင်ရတယ်။ကလေးအတွက်က မွေးစာရင်း၊လူကြီးက သန်းခေါင် စာရင်းတင်ရတယ်။ကလေးဆိုရင် မွေးစာရင်းရှိရမယ်။မရှိရင် မရဘူး။ မွေးစာရင်းရယ်၊ သန်းခေါင်စာရင်းရှိရင် သန်းခေါင်စာရင်း မရှိရင် ဧည့်စာရင်း၊ အဲဒီနှစ်ခု တွဲတင်ရတယ်။ မိတ္တူတွေပေးရတယ်။လူကြီးဆိုရင် မှတ်ပုံ တင်ရှိရမယ်။မရှိရင် မရဘူး။မှတ်ပုံတင်ရယ်၊ သန်းခေါင်စာရင်းရှိရင် သန်းခေါင်စာရင်း၊ မရှိရင် ဧည့်စာရင်းနဲ့ပေါ့၊ထောက်ပံ့လျှောက်ရင်ပေးရပါတယ်"လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ပြည်သူ တယောက်က ပြောပါတယ်။
ဒါအပြင် ထောက်ပံ့ကြေးအတွက် စာရင်းကောက်ယူမှုတွေကို တချို့သော မြို့နယ်/ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့တွေက အိမ်တိုင်ရာရောက် စာရင်းလာရောက်ကောက်ယူမှုတွေရှိနေသလို တချို့ မြို့နယ်/ရပ်ကွက်တွေမှာတော့ ရပ်ကွက်ရုံးတွေမှာ မိမိတို့ရဲ့အိမ်ထောင်စုသန်းခေါင်စာရင်း (သို့မဟုတ်) နေထိုင်ခွင့် ဧည့်စာရင်း၊ကလေးမွေးစာရင်းတို့နဲ့ ထောက်ပံ့ကြေးအတွက် သွားရောက်လျှောက်ထားရတယ်လို့ ထောက် ပံ့ကြေးလျှောက်ထားသူ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
"ကိုယ်ဝန်ဆောင်တွေကိုလည်းပေးတယ် ပြောတယ်။ ရပ်ကွက်ရုံးမှာ အဲဒီစာရွက်နှစ်စုံ ထပ်ရတယ်။ကိုယ့်အလှည့်ရောက်ရင် ဓာတ်ပုံရိုက်ပြီး အဲဒီစာရွက်တွေကို သူတို့က ယူထားလိုက်တယ်။ကလေးဆိုရင် ကလေးကို ဓာတ်ပုံရိုက်တယ်။အခုတော့ မနေ့ကတင်တဲ့သူတွေ အရမ်းများနေလို့ တဖြတ် ဖြတ်ထားတယ်။နောက်လူတွေ ဘယ်နေ့တင်ရမယ်ဆိုတာ မသိသေးဘူး၊ မပြောသေးဘူး။အရင်လူတွေ ပြီးမှလို့တော့ ပြောတာပဲ၊ ဒါပေမယ့် ဒီဘက်မှာ အခုထိတော့ ဘယ် လောက်ပေးမယ်ဆိုတာ မသိရသေးဘူး။ အရင်လူတွေ ရပြီးရင်တော့ ဘယ် လောက်ရမလဲဆိုတာ သိရမှာပါ"လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ထပ်လောင်းပြောပြပါတယ်။
ယခုထောက်ပံ့ကြေးကိစ္စနဲ့ ပတ်သက်လို့အရပ်ထဲက ပြည်သူတွေရဲ့ ပြောစကားတွေအရ တယောက်ကို ထောက်ပံ့ကြေး ငွေကျပ် ၅ သောင်းခန့်ပေးအပ်ဖို့ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ထောက်ပံ့ကြေးက ငါး သောင်းရမယ်လို့တော့ ပြောနေကြတာပဲ၊ဘယ်လောက်ရမလဲဆိုတာ က တိတိကျကျတော့ မသိရသေးဘူး။မနေ့ကတော့ ဒီမှာစာရင်းတွေလာ ကောက်သွားတယ်။လူတွေကတော့ ငါး သောင်းလို့ ပြောနေကြတာပါပဲ။ ဘာပဲပြောပြော နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေထောက်ပံ့ကြေးလေးရတော့ ကောင်းတာပေါ့"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။
ယခင် NLD အစိုးရလက်ထက်မှာလည်း ၂ဝ၁၇ ခုနှစ်မှစတင်လို့ ၂ဝ၂ဝ ခုနှစ်အထိကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ကမွေးဖွားလာတဲ့ နှစ် နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်တာတွေအပြင် ၂ဝ၁၇ - ၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်မှစလို့ အသက် ၉ဝ နှစ်အထက် အဘိုးအဘွားတွေကိုလည်းကောင်း၊ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်မှာ အသက် ၈၅ နှစ်အထက်အဘိုးအဘွားတွေကို ထောက်ပံ့ငွေပေးအပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှစတင်လို့ ၂ဝ၂ဝ ခုနှစ်အထိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၊ဘိုးဘွားရိပ်သာ၊ မသန်စွမ်းဂေဟာ၊အမျိုးသမီးဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတို့ကိုထောက်ပံ့ကြေးငွေတွေပေးအပ်ခဲ့သလို သုံးမွှာပူးနဲ့ အထက် မိခင်တွေ အပါအဝင် မသန်စွမ်းသူတွေကိုလည်း ထောက်ပံ့ပေးအပ်တဲ့ အစီအစဉ်ပြုလုပ်ခဲ့တာကိုလည်း လူငယ်/ပြန်ဝန်ကြီး ဌာနရဲ့ယခင်မှတ်တမ်းတွေအရ သိရပါတယ်။
"မနှစ်ကလည်း မသန်စွမ်းသူတွေကို ထောက် ပံ့ငွေပေးဖို့ဆိုပြီး စာရင်းကောက်ယူမှုတွေတော့ရှိခဲ့ပါတယ်။ အခုကလေးငယ်တွေနဲ့ သက်ကြီးဘိုးဘွားတွေကို ဘယ်လိုအစီအစဉ်နဲ့ ထောက်ပံ့ငွေပေးမလဲဆိုတာတော့ တိတိ ကျကျ မသိရသေးပါဘူး"လို့ ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးမှူးတယောက်က VOM ကို ပြောပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှာ ရော်နယ်ဒို ၂၄ နှစ်ဆက်ဂိုးသွင်း
ဇန်နဝါရီ ၁၀
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အော့ဒူအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှာ ၂၄ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အော့ဒူအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင် ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူခဲ့ပြီးနောက် ဒီမှတ်တမ်းကို ရရှိခဲ့တာပါ။
ရော်နယ်ဒိုအတွက် ဒီသွင်းဂိုးဟာ ၂၀၂၅ ခုနှစ်ထဲမှာသွင်းယူတဲ့ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပြီးနောက် ၂၀၂၅ ခုနှစ်အထိ ၂၄ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ပွဲပေါင်း ၁၃ ပွဲ ပါဝင်ကစားအပြီးမှာ ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပွဲအပြီးသူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ပွဲအတွက် အောင်ပွဲခံတာနဲ့အတူ “နှစ်သစ်ကို စတင်ဖို့ အကောင်းဆုံး နည်းလမ်းဆိုပြီး”ရေးသားထားခဲ့တာပါ။
ဆော်ဒီမှာကစားတာ ၂ နှစ်ကြာရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ပိုပြီး ရယူချင်တယ်လို့ ပြောထားသလို သူ့ရဲ့စာချုပ်ကလည်း ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် ၂၀၂၅ ခုနှစ်မှာ ပထမဆုံး ကစားတဲ့ပွဲကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့သလို ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်တက်နိုင်ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၄ ပွဲ ကစားအပြီးမှာ ရမှတ် ၂၈ မှတ်ရရှိထားပြီး ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းထက် ၁ ပွဲပိုကစားကာ ရမှတ် ၈ မှတ်ကွာဟနေတာပါ။
အယ်လ်နာဆာအသင်းဟာ လာမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်တာဝေါင်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်
#centralnewsnaypyitaw
ချင်းမိုင်တွင် ကလေးများကို အဓမ္မကျင့်ပြီး ဗီဒီယိုများရောင်းစားသည်ဆိုသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ
Dawei Watch| ဇန်နဝါရီ ၉
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် အသက်မပြည့်သေးသော ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ပြီး ဗီဒီယိုမှတ်တမ်းများကို တယ်လီဂရမ်ချန်နယ်တွင် ရောင်းစားနေသည်ဆိုပြီး မြန်မာလူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကလေးငယ်များကို လိမ်လည်လှည့်ဖြားပြီး အဓမ္မပြုကျင့်ကာ ဗီဒီယိုမှတ်တမ်းပါတင်၍ ဆိုရှယ်မီဒီယာတွင် ရောင်းစားနေ သော အသက် ၂၇ နှစ်အရွယ် ကိုစိုင်းသန်းဦးဆိုသူကို ဇန်နဝါရီလ ၈ ရက်နေ့က ဝရမ်းထုတ် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သော ဒီဇင်ဘာလနှောင်းပိုင်းတွင် ကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားသော ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာသဖြင့် ကလေးသူငယ် အဓမ္မမှု ပပျောက်ရေးဌာနနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနတို့က အာဏာပိုင်များ ပူးပေါင်းကာ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည့် ဗီဒီယိုဖိုင်ကို အပြည့်ကြည့်လိုပါက အဖွဲ့ဝင်ကြေး ဘတ် ၂၅၀ ဖြင့် လျှောက်ထားပြီး တယ်လီဂရမ်ချန်နယ်တွင် အပြည့်ကြည့်နိုင်ကြောင်း ကြေငြာထားခြင်းဖြစ်သည်ဟုဆိုသည်။
အဖွဲ့ဝင်ထားလျှင် တယ်လီဂရမ်ချန်နယ်ထဲရှိ အခြားကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများစွာကိုလည်း ကြည့်ရှုနိုင်မည်ဟု ရေးသားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာပိုင်များကလည်း သက်သေအထောက်အထားများ လိုအပ်သဖြင့် အဖွဲ့ဝင်ကြေးသွင်းပြီး ဝင်ရောက်ကြည့်ရှုရာ ကလေးငယ်များစွာကို လိင်ပိုင်းဆိုင်ရာကျူးလွန်ထားသော ဗီဒီယိုဖိုင်များစွာကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
အဖွဲ့ဝင်များအနေဖြင့် နောက်ထပ် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများအား Line Group တွင် တိုက်ရိုက် Live ကြည့်ရှုလိုပါက ဘတ် ၁၀၀ ထပ်မံပေးဆောင်၍ ကြည့်ရှုခိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ Live တွင်လည်း ကလေးငယ်များကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်နေသော ဗီဒီယိုဖိုင်ကို အချိန် ၁ နာရီကျော်ခန့် ကြာအောင် ထုတ်လွှင့်ခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ကျူးလွန်သူနှင့် ကျူးလွန်ခံရသော ကလေးငယ်များကို သိရှိနိုင်ရန်၊ တိုက်ရိုက်ထုတ်လွှင့်သော နေရာကို အာဏာပိုင်များက အွန်လိုင်းစုံစမ်းရေးအဖွဲ့များနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူကို ဝရမ်းထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
စုံစမ်းချက်အရ ကျူးလွန်ခံရသော ကလေးငယ်များသည် အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား အရွယ်များ ဖြစ်ပြီး ချင်းမိုင်မြို့ မဲဝမ်းဒေသတွင် နေထိုင်သူများဖြစ်ကြောင်း ဆိုသည်။ ကလေးငယ်များသည် မည်သည့်နိုင်ငံသားဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။
ကျူးလွန်သူသည် အသက် ၂၇ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးဖြစ်ပြီး ၎င်းအလုပ်လုပ်ကိုင်ရာ ချင်းမိုင်မြို့ စန်းပါတွန်ဒေသရှိ နေထိုင်ရာအခန်းသို့ လိမ်လည်ခေါ်ယူပြီး ကလေးငယ်များကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါမြန်မာနိုင်ငံသားနှင့်အတူ ဗီဒီယို ၂၀၀၀ ခန့်ပါသော မိုဘိုင်းဖုန်းကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံသားကလည်း တယ်လီဂရမ်ချန်နယ်ကို ဖွင့်ထားသည်မှာ ၃ လမှ ၆လကြားရှိပြီဖြစ်ပြီး အဖွဲ့ဝင် ၁၀၀ ခန့်ရှိသည်ဟု ရဲတပ်ဖွဲ့သို့ ဝန်ခံထားကြောင်း ဖော်ပြသည်။
အဖွဲ့ဝင်များထံမှ ဝင်ကြေးအနေဖြင့် တစ်လလျှင် ဘတ်သောင်းချီ ရရှိနေသည်ဟု ဝန်ခံကြောင်းလည်းဆိုသည်။
၎င်းသည် ကလေးငယ်မိဘများနှင့်သိကျွမ်းသူဖြစ်ပြီး ကလေးငယ်များကို ၎င်း၏အခန်းတွင် ဂိမ်းဆော့ရန် လိမ်လည်ခေါ်လာပြီး အခန်းရောက်သောအခါ အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အသက်မပြည့်သူများကို အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုရိုက်ကူးမှု၊ ဖြန့်ဝေမှု၊ လက်ဝယ်ထားမှုအပြင် ကလေးငယ်များကို လူကုန်ကူးမှုများဖြင့် အဆိုပါမြန်မာနိုင်ငံသားကို အမှုဖွင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Matichon Online, CH 3 Plus
#သတင်းဟင်းလေးအိုးကြီး