17 w - Translate

ကိုယ့်ရဲ့ ဘုန်းကျက်သရေကို ကိုယ်တိုင်ဖန်တီးပါတယ် ။
အချစ်ရဆုံးသမီးလေးရေ….
ကိုယ် လေးစားအထင်ကြီးရတဲ့ လူတစ်ယောက်အကြောင်း တွေးလိုက်တဲ့အခါမှာဖြစ်စေ သူ့ရဲ့အထင်ကြီးလေးစားစရာကောင်းတဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာအကြောင်း တစ်ပါးသူကို ပြောပြနေတဲ့အချိန်မျိုးမှာ မေမေတို့ရဲ့မျက်လုံးတွေဟာ ရွှန်းလက်တောက်ပနေတတ်ပြီး နှုတ်ခမ်းလေးတွေက ပြုံးနေတတ်ပါတယ် ။
နှလုံးသားက ကြည်နူးပီတိအဟုန်နဲ့ တလှိုက်လှိုက်နွေးထွေးလှိုက်ခုန်နေတတ်ပါတယ် ။ စိတ်ကလေးက ကြည်လင်ဖြူစင်နေတတ်ပါတယ် ။ အဲ့ဒီအချိန်မှာ မေမေတို့ရဲ့စိတ်က အလင်းဓာတ်တွေ အကြည်ဓာတ်တွေ positive vibrations တွေနဲ့ ထုံမွှမ်းထားပါတယ်..။
သူတစ်ပါးရဲ့ ကောင်းကွက်သတင်းကောင်းလေးတွေ ပြောနေတဲ့အချိန် သူများရဲ့ ပျော်ရွှင်အောင်မြင်နေမှုအပေါ် မုဒိတာစိတ်ကလေးနဲ့ ချီးမွမ်းဂုဏ်ပြုနေတဲ့အချိန်မှာ ကိုယ့်စိတ်ကလေးကလည်း ပီတိနဲ့ ပျော်ရွှင်လင်းလက်နေတာမို့ ကုသိုလ်စိတ်ကလေးတွေ ဖြစ်လို့နေပါတယ် ။ ဒီအချိန်ဟာဟာ ကိုယ့်ရဲ့ဘုန်းကျက်သရေကို တိုးတက်ပွင့်လန်းစေတဲ့အချိန်ဖြစ်ပါတယ် ။
အလားတူပါပဲ ။ လူတစ်ယောက်အကြောင်းကို မကျေနပ်တဲ့စိတ် မုန်းတီးရန်လိုနေတဲ့စိတ် မနာလိုဝန်တိုနေတဲ့စိတ် မုဒိတာမပွါးနိုင်ဘဲ အမုန်းစကားတွေ အတင်းအဖျင်းစကားတွေ ပြောဆိုနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိထားပြီးကြည့်ကြည့်ပါ ။
မျက်လုံးတွေမှာ အမုန်းအမျက်တွေ တောက်လောင်ပြီး စူးရှတောက်ပြောင်နေပါလိမ့်မယ် ။ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ရှာဖွေပြီး အဆိုးစကားတွေ ပြောနေချိန်မို့ နှုတ်ခမ်းတွေ မဲ့ရွဲ့နေပါလိမ့်မယ် ။
ဒေါသမာန်တွေ စောင်နေချိန်မို့ ကိုယ့်ရဲ့စိတ်ဟာ အမှောင်ထဲမှာ ရောက်နေပြီး စိတ်နှလုံးတွေ ပူလောင်နေပါလိမ့်မယ် ။ အဲ့ဒီအချိန်ဟာ အကုသိုလ်စိတ်တွေ ပွါးနေတဲ့အချိန် ဖြစ်ပါတယ် ။ ကိုယ် ပြောနေတဲ့စကားဟာ ဇောထက်သန်ရင်ထက်သန်သလောက် ကိုယ့်ဆီကို တန်ပြန်အကျိုးသက်ရောက်မှု ပြင်းထန်စေပါတယ် ။
သူတစ်ပါးရဲ့ ပျက်ဆီးရာပျက်ဆီးကြောင်းကို ကြံစည်ပြောဆိုနေချိန်မှာ အပြောခံရသူက ဘာမှဖြစ်မသွားဘဲ ပြောလိုက်တဲ့သူမှာသာ သူ့ရဲ့ အကုသိုလ်စိတ်အဟုန်ကြောင့် စိတ်ရဲ့အကြည်ဓါတ်တွေ ပျက်ပြယ်သွားသလို Negative energy တွေရဲ့ အရှိန်ကြောင့် ကိုယ့်ရဲ့ ဘုန်းကျက်သရေတွေ မှေးမှိန်ဆုတ်ယုတ်သွားစေပါတယ် ။
ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ ဘုန်းကျက်သရေကို ကိုယ်တိုင်ပဲ ဖန်တီးနေတာဖြစ်ပါတယ် ။ သူတစ်ပါးရဲ့ကောင်းကွက်ကလေးကိုရှာပြီး ချီးကျူးပေးတာ သူတစ်ပါးရဲ့အောင်မြင်ပျော်ရွှင်နေမှုအပေါ် မုဒိတာလေးပွါးပြီး စိတ်ကောင်းစေတနာလေးနဲ့ လိုက်ပြီး ပျော်ရွှင်ဝမ်းသာပေးတာတွေဟာ ကိုယ့်ရဲ့ဘုန်းကျက်သရေကို တိုးတက်ပွင့်လန်းလာအောင် ဖွင့်ပေးတာနဲ့ တူပါတယ် ။
သူများရဲ့မကောင်းကြောင်းတွေ အတင်းအဖျင်းစကားတွေ အမုန်းစကားတွေ ချိုးဖဲ့နှိမ်ချတဲ့စကားတွေ ပြောနေမိပြီဆို ကိုယ့်ရဲ့ဘုန်းကျက်သရေတွေ ကျဆင်းနေပြီဆိုတာကို သတိလေးထားစေချင်ပါတယ် ။
ချစ်တဲ့မေမေ…
#လွန်းထားထား

image
//