အင်ဒို-ပစိဖိတ်မှာ မဟာမိတ်များနှင့် ဆက်ဆံရေး ဆက်လုပ်ရန် ထရမ့်အစိုးရကို ဂျိတ်ဆူလဗန် တိုက်တွန်း
................
အင်ဒို-ပစိဖိတ်ဒေသမှာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ခိုင်မာအောင် ဆက်လက်လုပ်ဆောင်ဖို့ အမေရိကန်အစိုးရရဲ့လက်ရှိအမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလဗန် က ထရမ့်အစိုးရကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
လက်ရှိ ဘိုင်ဒန်အစိုးရရဲ့ မဟာဗျူဟာတွေဟာ အာရှဒေသတွင်းမှာ အမေရိကန်ရဲ့ဩဇာကို အားကောင်းစေပြီး အခုဗျုဟာကိုပြောင်းလဲကျင့်သုံးတာထက်စာရင် လက်ရှိအတိုင်းဆက်လက်လုပ်ဆောင်သင့်တယ်လို့ ဂျိတ်ဆူလဗန်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ ထရမ့်အစိုးရအနေနဲ့ကတော့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ်ကိစ္စမှာ နူလက်နက်ဖျက်သိမ်းရေးကို ဘိုင်ဒန်အစိုးရအနေနဲ့ သေသေချာချာ မကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့တာကိုတော့ လက်ခံတယ်လို့သူကဆိုပါတယ်။ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန် တို့လိုပြိုင်ဘက်တွေအကြားမှာ လုပ်ဆောင်နိုင်ဖို့က အရေးကြီးတယ်လို့ ဂျိတ်က ဆိုပါတယ်။ ယူကရိန်းအတွက် အကူအညီတွေကိုလည်း မလျှော့ချသင့်ဘူးလို့အကြံပြုပါတယ်။ တရုတ်က စောင့်ကြည့်နေတာကြောင့် ယူကရိန်းစစ်ပွဲနမူနာဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် အလွန်အရေးကြီးတယ်လို့ ဂျိတ်ဆူလဗန် က ထောက်ပြပြောဆိုသွားပါတယ်။
