လေငန်း ၊ လေဖြတ် ၊ လေဖြန်း ရောဂါ သိမှတ်စရာများ
ချမ်းငြိမ်း
လေငန်း ၊ လေဖြတ် ၊ လေဖြန်း ရောဂါဟာ ကျား/မ လူငယ်၊လူကြီးမရွေးဖြစ်တတ်ပြီး ၊ အသက်ကြီးပြီး ၀,သည့်သူများတွင် ဖြစ်နိုင်သလို ၊ အသက်ငယ်ပြီး ပိန်သောသူများတွင်လည်း လေငန်း ၊ လေဖြတ် ၊ လေဖြန်း ရောဂါဖြစ်နိုင်ပါတယ်။ ရောဂါတစ်ခုမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ ရောဂါဖြစ်သည့်အချိန်မှ ကုသခြင်းထက် ပို၍ ထိရောက်ပြီး ခရီးရောက်နိုင်သည့်အတွက် ရောဂါမဖြစ်ရလေအောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိထားရန် လိုအပ်မည်ဟုထင်ရှိပါသောကြောင့် ယခု ဆောင်းပါးလေးအား ရေးသားဒါနပြုလိုက်ပါသည်။
လေငန်း ၊ လေဖြတ် ဖြစ်ရသည့် အခြေခံအကြောင်းရင်းမှာ - ( Ischemic stroke )ဟု ခေါ်သော ဦးနှောက်သွေးကြောပိတ်ခြင်းနှင့်
( Hemorragic stroke )ဟု ခေါ်သော ဦးနှောက်သွေးကြောပေါက်ခြင်း ဟူ၍ နှစ်မျိုးရှိပြီး လေငန်း ၊ လေဖြတ် ရောဂါ၏ (၈၀)ရာခိုင်နှုန်းသည် သွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပါသည်။ လေငန်း ၊ လေဖြတ် ရောဂါသည် သွေးတိုးရောဂါ ၊ နှလုံးရောဂါ ၊ ဆီးချိုရောဂါအခံရှိသူများနှင့် ခါးကြောရိုးနာ့ဗ်ကြော ထိခိုက် ဒဏ်ရာရခြင်း စသည့် အခြေခံ အကြောင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေဖြတ်သူများ၏ (၈၀)ရာခိုင်နှုန်းသည် သွေးတိုးရောဂါ အခံရှိသူများဖြစ်ပြီး သွေးတိုးရောဂါ ရှိသူသည် အဆီနှင့်အငန်ကို လွန်ကဲစွာ စားမိလျှင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိသော သွေးကြောများကို ကျဉ်းမြောင်းလာစေပြီး သွေးကိုတစ်ဟုန်ထိုး တက်လာစေ၍ သွေးတိုးတက်နေသော အချိန်များတွင် ရေအေးချိုးခြင်း ၊ ပန်ကာလေ ၊ လေအေးစက်ခံခြင်းများ ပြုလုပ်မိလျှင် လေဖြတ်နိုင်ပါသည်။ ဆီးချို ၊ သွေးချို တက်နေသော အချိန်များတွင်လည်း အထက်ပါနည်းများ အတိုင်း နေထိုင်မိလျှင်လည်း လေဖြတ်တတ်ပါသည်။ လေဖြတ်သော လူနာ၏ (၃၀)% မှ(၄၀)% လောက်သည် သွေးတိုးရောဂါအပြင် ဆီးချိုရောဂါပါ ရှိနေတတ်ပါတယ်။ ဆီးချို ၊ သွေးချို သမားများသည် ဆီးချို ၊ သွေးချို အလွန်တက်နေသော အချိန်များတွင် သွေးပေါင်ချိန် သိပ်မတက်သော်လည်း လေဖြတ်တတ်ပါတယ်။ ဆီးချို ၊ သွေးချို ရှိသောသူများ လေဖြတ်လျှင်တော့ ပျောက်ကင်းရန် နှေးကွေးပြီး နာလန်ထူရန် ပိုကြာတတ်ပါတယ်။ သွေးတိုးရောဂါအခံ ရှိသောသူသည် လေဖြတ်ရန် သာမန်လူထက်(၅)ဆခန့် ပို၍ နီးစပ်ပြီး ဆီးချို ၊ သွေးချို ရောဂါ အခံရှိသောသူများသည် လေဖြတ်ရန် သာမန်သူထက် နှစ်ဆမှ သုံးဆအထိ ပိုများတတ်ပါတယ်။ အချို ၊ အဆိမ့် ၊ အငန် ၊အဆီ စသော အရသာများကို လွန်ကဲစွာ စားသုံးခြင်း ၊ ဆေးလိပ် ၊ အရက် အလွန်အကျွံ သောက်သုံးခြင်း ၊ အထိုင်အအိပ်များပြီး လှုပ်ရှားမှု့နည်းခြင်း ၊ အချိန်အခါမဲ့ ခေါင်းလျှော် ရေချိုးခြင်း ၊ အအေးခံလွန်းခြင်း ၊ လေအေးစက် ၊ ပန်ကာလေနှင့် နေထိုင်အိပ်ခြင်း စသော အကြောင်းများသည် လေငန်း ၊ လေဖြတ် ရောဂါကို ဖြစ်စေနိုင်သော အခြေခံအကြောင်းများ ဖြစ်ပါတယ်။ လေဖြတ် ၊ လေငန်းရောဂါသည် ၀,သော သူများတွင် အဖြစ်များသော်လည်း ပိန်၍ ငယ်ရွယ်သောသူများမှာလည်း ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင် စားသောက်မှု့မရှိလျှင် ယခုရောဂါ ဖြစ်နိုင်ပါတယ်။ (လေဖြတ် ၊ လေငန်းရောဂါ၏ လက္ခဏာများမှာ) သွေးပေါင်ချိန် မြင့်တက်ခြင်း ၊ စကားမပြောနိုင် စကားမပီသခြင်း ၊ လျှာတို၀င်သွားခြင်း ၊ ပါးတစ်ဖက်ရွဲ့ ၊ မျက်စိတစ်ဖက်ပိတ်မရခြင်း ၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း ၊ သတိလစ်မေ့မျောခြင်း ၊ သမ်းဝြေခင်း ၊ နားအူခြင်း ၊ ခန္ဒာကိုယ် လေးလံထိုင်းမှိုင်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု့ မမှန်ခြင်း ၊ ကိုယ်သား ကိုယ်ရေ ပူလိုက်အေးလိုက် ဖြစ်ခြင်း ၊ လျှာဖြူ၍ပြုပ်ထနေခြင်း ၊ ပါးစပ်မှ သွားရည်များ ကျဆင်းခြင်း ၊ ချွေးမထွက်ခြင်း ၊ အကြောတက်ခြင်း၊ ခြေလက်များ တဆတ်ဆတ်တုန်ခြင်း ၊ မောပန်းလွယ်ခြင်း ၊ နှလုံးခုန်နှေး၍ အသက်ရှုမြန်ခြင်း ၊ စိတ်အားငယ်ခြင်း ၊ စသောလက္ခဏာများမှာ လေဖြတ် ၊ လေငန်းရောဂါ၏ ဖြစ်ဆဲလက္ခဏာများ ဖြစ်ပါတယ်။ ( လေဖြတ် ၊ လေငန်း ရောဂါရှင်များ ရှောင်ကြဉ်ရမည့် အစားအစာများမှာ ) ၀က်သား ၊ ဘဲသား ၊ ငါးသလောက် ၊ ၀မ်းတွင်းကလီစာများ ၊ ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည် ၊ ငါးချဉ် ၊ ပုဇွန်ချဉ် ၊ မှို ၊ မျှစ် ၊ အုန်းနို့ခေါက်ဆွဲ ၊ ဒံပေါက် ၊ အုန်းနို့နှင့်ပြုလုပ်ထားသော အစားအစာများ ၊ အသားဆီ ၊ စားအုန်းဆီ ၊ ထောပတ် ၊ မလိုင် ၊ ဆီကြော်မုန့်များ ၊ အချိုမှုန့် ၊ ဖာလူဒါနှင့် ရေခဲရည်များကို အထူး ရှောင်ကြဉ်ပေးရပါမယ်။ (စားသုံးရန် သင့်သော အစားအစာများမှာ ) ကြက်သား ၊ ဆိတ်သား ၊ ချိုးသား ၊ ခါသား ၊ ငါးရံ့ ၊ ငါးခူ ၊ ငါးပနော် ၊ ငါးကျည်း ၊ စသောအသားများနှင့် ဒန့်ဒလွန်သီး ၊ ဒန့်ဒလွန်ရွက် ၊ ကြာဟင်း ၊ ဂုံခါး ၊ ခွေးတောက်ရွက် ၊ ကင်းပုံရွက် ၊ ကင်ပွန်းချဉ်ရွက် ၊ မြင်းခွာရွက် ၊ ရှောက်ရွက် ၊ ဥသျှစ်ရွက် ၊ ရဲယိုရွက် ၊ ပတဲကော ၊ ဂုံမင်း ၊ ဆိပ်ဖူး ၊ ပင်စိမ်းရွက် ၊ ဟင်းနုနယ်ရွက် ၊ ကြက်သွန်ဖြူ / နီ ၊ ချင်း(ဂျင်း) ၊ ငရုတ်ကောင်းနှင့် အရည်ရွှမ်းသော အသီးများဖြစ်သည့် ရှောက်သီး ၊ သံပုရာသီး ၊ ကျွဲကောသီး ၊ စသော အသီးအနှံများကိုလည်း စားသုံးပေးသင့်ပါတယ်။ လေဖြတ် လေငန်းရောဂါ မဖြစ်ရလေအောင် အဆီဓါတ် ၊ အငံဓါတ် လွန်ကဲသော အစားအစာများကို ရှောင်ကြင်ပြီး သွေးတိုးရောဂါရှိလျှင် သွေးပေါင်မှန်မှန်ချိန်ပါ။ဆီးချို ၊ သွေးချို ရောဂါရှိလျှင် သကြားဓါတ်ကို ပုံမှန်ဖြစ်အောင် ထိမ်းသိမ်းပါ။ ဆီးကို ပုံမှန်စစ်ဆေးပါ။ သင့်လျော်သင့် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ လမ်းလျောက်ပါ။ကိုယ်အလေးချိန်ကိုထိမ်းပါ။အစာအဟာရကို မျှတစွာစားသောက်ပါ။ အသီးအရွက်ကို များများစားပါ။ဆေးလိပ် ၊ အရက်နှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ပါ။စိတ်ဖိစီးမှု့ မဖြစ်အောင် စိတ်ကို အေးချမ်းစွာထားပါ။(Meditation) တရားထိုင်ပါ။ အထက်ပါနည်းများအတိုင်း စားသောက် ၊ နေထိုင် ၊ ကျင့်ကြံမည်ဆိုလျှင် လေငန်းလေဖြတ် ရောဂါကို ကာကွယ်ပြီးသား ဖြစ်သည့်အကြောင်း ရေးသားတင်ပြအပ်ပါသည်။
#ကျန်းမာရေးဗဟုသုတများ
#crdphoto
