မုဆိုးကြီးရဲ့ သုံးလုံးသော ကြယ်
~~~~~~~~~~~~~~~~~~
ကြယ်တွေကို ကြည့်ရတာ ကြိုက်သလား။ ညဘက် တိမ်ကင်းစင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ကြည့်ပါ။ ဘယ်ဘက်လား၊ ညာဘက်လား။ဦးခေါင်းကို ဘယ်ညာလှည့်ပြီး ကောင်းကင်တစ်ခွင်ကို ကြည့်ကြည့်ပါ။
ဘာတွေ့မလဲ။
သတိထားပြီး သေချာရှာကြည့်ရင် ကြယ်သုံးလုံးဟာ မျဥ်းတစ်ကြောင်းလို တန်းနေတာကို မြင်ရပါလိမ့်မယ်။ ဒီ ကြယ်သုံးလုံးဟာ ဘယ်အရပ်မှာပဲ ဖြစ်ဖြစ် တစ်တန်းတည်း ဖြစ်နေတာကို တွေ့ရမှာပါ။
ကြယ်သုံးလုံးတန်းနေတာကတော့ ဟုတ်ပါပြီ။ ဒီကြယ်သုံးလုံးဟာ ဘာကြယ်တွေလဲ။ ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲ။ ဘယ်နေရာမှာ ရှိတာလဲ။ ကြယ်သုံးလုံး တန်းနေတော့ မေးခွန်းတွေကလည်း တန်းစီပြီး ထွက်လာမှာပါ။
အဖြေဟာ ကြယ်စု (Constellation) ဖြစ်ပါတယ်။ ကြယ်စုဆိုတာ ပုံသဏ္ဍာန်တစ်ခုခုပေါ်နေတဲ့ ကြယ်အစုအဝေးကြီး ဖြစ်ပါတယ်။ တစ်ခါတလေ တိမ်တွေမှာ ရုပ်ပုံသဏ္ဍာန်တွေ ပေါ်နေသလိုမျိုးပါပဲ။ တကယ်တော့ ကြယ်စုတွေက ရုပ်ပုံတွေကို ဖော်ပေးတာ မဟုတ််ဘဲ၊ သူ့ဘာသာ ရှိနေတဲ့ ကြယ်တွေကို အရုပ်ပေါ်လာအောင် လူတွေက စိတ်ကူးယဥ် ရေးဆွဲကြတာ ဖြစ်ပါတယ်။
ကြယ်စုကို အနီးစပ်ဆုံးပြောရရင် ကျွန်တော်တို့ သိကြတဲ့ ၁၂ရာသီခွင် (Zodiac) တွေဟာလည်း ကြယ်စုတွေရဲ့ အမည်တွေပါ။ ဥပမာ၊ ကန် ကြယ်စုဟာ ဗာဂို - Virgoဖြစ်ပါတယ်။ ကရကဋ် ကြယ်စုဟာ ကန်ဆာ - Cancer။ မကာရ ကြယ်စုဟာ ကာပရီကွန် - Capricorn ဆိုသလိုပါ။ ကန်ကြယ်စုဟာ လုံမပျိုသဏ္ဍာန်၊ ကရကဋ်ကြယ်စုဟာ ကဏန်းနဲ့ မကာရကြယ်စုကတော့ ဆိတ်သဏ္ဍာန် ပေါ်နေတာမျိုးပါ။
ဒီလိုပဲ အဲ့ဒီ ကြယ်သုံးလုံးပါဝင်တဲ့ကြယ်စုရဲ့ အမည်ဟာ အော်ရီယွန် ကြယ်စု (Orion Constellation) ဖြစ်ပါတယ်။ အော်ရီယွန် - Orion ဟာ ဂရိဒဏ္ဍာရီလာ မုဆိုးတစ်ဦးရဲ့ နာမည်ဖြစ်ပါတယ်။ နာမည်နဲ့အလိုက် ဒီ ကြယ်စုဟာလည်း လူသားတစ်ဦးရဲ့ သဏ္ဍာန်ပေါ်နေပါတယ်။ ဒီ ကြယ်စုကို "Orion, the great hunter" လို့လည်း ခေါ်ကြပါသေးတယ်။ အော်ရီယွန် ကြယ်စုကြီးရဲ့ အသိသာ အထင်ရှားဆုံးနဲ့ လူတွေကို အဆွဲဆောင်နိုင်ဆုံး အပိုင်းကတော့ ကြယ်စုရဲ့ အလယ်မှာ ရှိနေတဲ့ ကြယ်သုံးလုံးဖြစ်ပါတယ်။ ကြယ် ညီအစ်ကို သုံးဖော်ပေါ့။ နောက်ထပ် ထူးခြားတဲ့အချက်က ကြယ်စုမှာ အနီရောင်ကြယ်ဘီလူး (The Red Giant Star) တစ်လုံးရော ပါဝင်နေတာပါပဲ။ ဒီ ကြယ်ဘီလူးရဲ့ အမည်ကတော့ ဘီဒယ်လ်ဂျူ့စ် - Betelgeuse ပါ။
မှန်ပါတယ်။ အနီရောင် ကြယ်ဘီလူးဆိုတော့ အနီရောင်တောက်နေမှာပေါ့။ အဲ့ဒီ အနီရောင်ကြယ်ဘီလူးတွေဟာ နေထက် အရွယ်အစားပိုကြီးတဲ့ ကြယ်တွေလည်း ဖြစ်ပါတယ်။
အော်ရီယွန်ကြယ်စုကို အလိုက်သင့်ကြည့်ရင် ဒီ အနီရောင်ကြယ်ဘီလူးဟာ ဘယ်ဘက် အစွန်နားလေးမှာ ရှိပါတယ်။ သူ့အောက်ကို ဆင်းသွားရင် အထက်မှာ ပြောခဲ့တဲ့ ညီအစ်ကိုသုံးဖော်ဆီကို ရောက်မှာပါ။ အနီရောင်ကြယ်ဘီလူးကြီးရဲ့ အောက်တည့်တည့်က ကြယ်ဟာ အယ်လ်နီတက်ခ် - Alnitak ဖြစ်ပါတယ်။ သူ့ရဲ့ နံဘေး၊ အလယ်မှာရှိတဲ့ ကြယ်ကတော့
အယ်လ်နီလမ်(မ်) - Alnilam ဖြစ်ပြီး ညာဘက် အစွန်ဆုံးကြယ်ဟာ မင်ထာကာ - Mintaka ဖြစ်ပါတယ်။
[ ပိုပြီး မြင်သာအောင် ဓာတ်ပုံရိုက်ပြထားပါတယ်။ ]
ဒီ ကြယ်သုံးလုံးထဲမှာ Alnitak ဟာ ကျွန်တော်တို့ ကမ္ဘာနဲ့ အနီးဆုံးဖြစ်ပြီး အလင်းနှစ် (Light year) ၇၃၆ နီးပါး အကွာမှာ တည်ရှိနေတယ်လို့ သိရပါတယ်။ Alnitak ဟာ အပြာရောင်ကြယ်ဘီလူးကြီး (The Blue Super Giant) ဖြစ်ပါတယ်။ မျက်နှာပြင် အပူချိန်ဟာ ၂၉၇၂၆ ဒီဂရိီ ဆဲစီးယပ်စ် (၃၀၀၀၀ ကယ်လ်ဗင်- K) ရှိပြီး နေရဲ့ မျက်နှာပြင် အပူချိန်ထက် မြင့်ပါတယ်။ Alnitak နံဘေး၊ အလယ်က Alnilam ကတော့ မျက်နှာပြင်ကနေ များပြားလွန်းတဲ့ အပူစွမ်းအင်တွေ လွှတ်ထွက်နေတာကြောင့် Alnitak ထက်တောင်မှ ပိုပြီး တောက်ပပါတယ်။ နောက်ဆုံးကျန်တဲ့ Mintaka ကတော့ Alnitak နဲ့ Alninam တို့နဲ့ မတူဘဲ၊ သူဟာ Multiple Star System တစ်ခုဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ထူးခြားချက်ဖြစ်ပြီး Mintaka ဟာ ကမ္ဘာနဲ့ အနီးဆုံးသော Multiple Star System တစ်ခုလည်း ဖြစ်ပါတယ်။
( Multiple Star System ဆိုတာ ကြယ်နှစ်လုံး (သို့) နှစ်လုံးထက် ပိုတဲ့ ကြယ်တွေဟာ အချင်းချင်းလှည့်ပတ်နေကြတာကို ဆိုလိုတာဖြစ်ပါတယ်။ Multiple Star System မှာရှိတဲ့ ကြယ်တွေဟာ တစ်ခုနဲ့တစ်ခု နီးစပ်လွန်းတာကြောင့် တစ်လုံးတည်းလို့ ထင်ရပါတယ်။ ဒီ Mintaka ကို ကျွန်တော်တို့ အဝေးကနေ ကြည့်ရင် ကြယ်တစ်လုံးတည်းပဲလို့ ထင်ကောင်းထင်မှာပါ။ တကယ်တော့ သူဟာ Multiple Star System တစ်ခု ဖြစ်ပြီး သူ့မှာ ကြယ်နှစ်လုံးပါဝင် လှည့်ပတ်နေပါတယ်။ )
ဒီ ကြယ်သုံးလုံး တစ်တန်းတည်းရှိနေတဲ့ နေရာကို အော်ရီယွန် ခါးပတ် (Orion's belt) လို့ ခေါ်ပါတယ်။ ကြယ်စုတစ်ခုလုံးဟာ လူပုံသဏ္ဍာန်ရှိနေပြီး ကြယ်သုံးလုံးတန်းနေတဲ့ နေရာကတော့ လူခန္ဓာရဲ့ ခါးပတ် နေရာမှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ အော်ရီယွန် ကြယ်စုကို အထက်ကနေ ကြည့်ချလာရင် Betelgeuse အရင်လာမယ်၊ သူ့အောက်က Orion's belt လာမယ်၊ အောက်ဆုံးမှာ အော်ရီယွန် ကြယ်စုရဲ့ အတောက်ပဆုံးသော ကြယ်တစ်လုံး ရှိနေပါသေးတယ်။ သူ့အမည်ကတော့ ရီဂယ်လ် - Rigel ဖြစ်ပြီး အော်ရီယွန် ကြယ်စု လူသဏ္ဍာန်ရဲ့ ခြေထောက်နေရာမှာ ရှိနေပါတယ်။
အော်ရီယွန်ကြယ်စုဟာ သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ဖူးသမျှ စိတ်ဝင်စားစရာ အကောင်းဆုံး ကြယ်စုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ကောင်းကင်မှာ ကြယ်တွေစုံစုံလင်လင်၊ လူစုံတက်စုံနဲ့ စကားဝိုင်းဖွဲ့နေကြတဲ့ ညဟာ လူသားတွေရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးသော ညလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကြယ်တွေ ဘာပြောနေကြသလဲ ဆိုတာကို သိချင်ရင် ညဘက် အပြင်ကိုထွက်ပြီး ကောင်းကင်ကို မော့ကြည့်ကြည့်ပါ။ သူတို့က သူတို့ရဲ့ အကြောင်းကို ပြောပြပါလိမ့်မယ်။ သူတို့ဟာ ဘာကြောင့်လင်းနေတယ်။ ဘာကြောင့် မှိတ်တုတ်၊ မှိတ်တုတ် ဖြစ်နေရတယ်။ ဘာကြယ်စုဖြစ်တယ်။ သူတို့ဟာ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီ အော်ရီယွန်ကြယ်စုဟာ "ငါဟာ အော်ရီယွန်ပဲ။" လို့ ကျွန်တော့်ကို စူးစမ်းချင်လာအောင် မိတ်ဆက်နေသလိုမျိုးပေါ့။
