နှလုံးသွေးကြောကျဉ်းနေသူတွေ ရှောင်ရှားရမဲ့ အစားအစာများ
နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ

နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေး ကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့် အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေ အနေက နှလုံးကို ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရော အနယ်အနှစ်တွေ သွေးကြောထဲမှာ စုပုံလာတဲ့အခါ နှလုံးသွေးကြောတွေ ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ စုပုံသွားပြီး နှလုံးသွေးကြောကျဉ်းသွားတဲ့အခါ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး ရင်ဘတ်အောင့်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ နှလုံးသွေး ကြောက လုံးဝ ပိတ်ဆို့သွားချိန်မှာတော့ ရုတ် တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းတာရဲ့ အစပျိုးချိန်က ဆယ်စုနှစ် တစ်ခုလောက် ကြာမြင့် တတ်ပါတယ်။ ကြီးကြီး မားမား လက္ခဏာ မပြမချင်း မသိကြတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် နှလုံးသွေး ကြောကျဉ်းတာကို ကာကွယ်ဖို့နဲ့ ကုသဖို့ ကျန်းမာတဲ့ နေထိုင်မှုပုံစံ ပြောင်းလဲတာ အပါအဝင် အာဟာရ မျှတအောင်စားသုံးပေးတာတွေ လုပ် ဆောင်ပေးလို့ ရပါတယ်။

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ

နှလုံး သွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတော့ လိုအပ်တဲ့ ဆေးဝါးသောက်သုံးတာအပြင် ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ရှိစေဖို့ အခုလိုလေး အစား အသောက်ကို ဂရုစိုက်ပေးဖို့ လိုပါမယ်။ ခုပြောမယ့် အချက်လေးတွေက နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်သေးသူတွေရော၊ ဖြစ်နေတဲ့သူတွေပါ လိုက်နာလို့ရပါတယ်။

စားပေးသင့်တာလေးတွေက

နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ အခုလို အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ ဒါတွေကတော့ –
၁။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေ ။ အပင်ကနေရတဲ့ အာဟာရ အရင်းအမြစ်တွေက နှလုံး ကျန်းမာစေနိုင်သလို ရုတ်တရက် နှလုံးရပ်တာ၊ နှလုံး စည်းချက် မမှန်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်နေပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေသလို အမျှင်ဓာတ် ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ အေးခဲထားတာတွေထက် လတ်လတ်ဆတ် ဆတ် ဖြစ်တာမျိုးကိုပဲ ရွေးချယ်ပေးပါ။

၂။ နှံစားသီးနှံတွေ ။ နှံစားသီးနှံတွေကို စားသုံးပေးတာက နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောကျဉ်းတာကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှံစားသီးနှံတွေမှာ အာဟာရ ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောကိုရော သွေးပေါင်ချိန်ကိုပါ ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောပြရရင် ဂျုံကြမ်း ပေါင်မုန့်၊ အုတ်ဂျုံ၊ ဆန်လုံးညို စတာမျိုးတွေပါ။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ။ နှလုံးသွေးကြောကျဉ်းနေပြီဆိုရင် တတ်နိုင်သမျှ အဆီကို လျှော့စားဖို့ လိုပါမယ်။ ဒါပေမယ့် အဆီတိုင်းက ဆိုးတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက အတိုင်းအတာ တစ်ခုအတွင်းမှာ စားသုံးမယ်ဆိုရင် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကျန်းမာတဲ့ အဆီတွေရဲ့ နောက်ထပ် အကျိုး ကျေးဇူး တစ်ခုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပါ။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းသူတွေအနေနဲ့ မပြည့်ဝဆီတွေဖြစ်တဲ့ monounsaturated fats နဲ့ polyunsaturated fats တို့ ပါဝင်နေတဲ့ သံလွင်ဆီ၊ ကာနီုလာဆီ၊ နှမ်း ကြတ်စေ့ဆီ၊ ထောပတ် သီး၊ အခွံမာအသီးတွေ၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။

၄။ အဆီမပါတဲ့ ပရိုတင်း ။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် ပရိုတင်း စားပေးဖို့ လိုပါမယ်။ ဒီလို ပရိုတင်းကို ရွေးချယ်တဲ့အခါမှာလည်း အဆီ ပါဝင်မှု နည်းတာမျိုးကို ရွေးချယ်ဖို့ လိုပါမယ်။ နောက်ပြီး ငါး အထူးသဖြင့် အိုမီဂါသရီး ကြွယ်ဝတဲ့ ငါးမျိုးကို ရွေးချယ် စားသုံးပေးတာက သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်မှာပါ။ အဆီ ဓာတ် နည်းတဲ့ ပရိုတင်းအနေနဲ့ စားပေးလို့ ရတာလေးတွေကတော့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲပိစပ်၊ မိုးခိုသား၊ အရေခွံမပါတဲ့ ကြက်သား စတာမျိုးတွေပါ။

ရှောင်သင့်တာလေးတွေ

နှလုံးသွေးကြောကျဉ်းနေသူတွေအနေနဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းညှိဖို့ လိုသလို သွေး ပေါင်ချိန်နဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့လည်း လိုပါမယ်။ ဒီလို လုပ်ဆောင်ပေးတာနဲ့အတူ ရှောင်သင့်တဲ့ အစားအစာလေးတွေကို ရှောင်ပေးတာကလည်း ထိရောက်တဲ့ ရလဒ်ကို ရရှိစေမှာပါ။

ဘာတွေ ရှောင်ရမလဲဆိုတော့ ထောပတ်၊သကြား၊ ဆီကြော်စာတွေ၊ ပြုပြင်ထားတဲ့ အသားတွ၊ အသင့်စား အစားအစာတွေ၊ အမြန်စားအစား အစာတွေ၊ တာရှည်ခံ အစားအစာတွေ၊ ဆား နဲ့ အငန်ကဲတာတွေ၊ အချိုကဲတာတွေ၊ အပြင်စာတွေ၊ အဆီများတဲ့ အစားအစာတွေပါ။

သတိပြုရန်

နှလုံးသွေးကြောကျဉ်းတာကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း မရှိပါဘူး သွေး ပေါင်ချိန် ထိန်းညှိတာ၊ သွေးတွင်းအဆီ ထိန်းတာနဲ့ အစားအသောက် အနေအထိုင် ဂရုစိုက်တာတွကပဲ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်မှာပါ။
(Crd; Hello Sayarwon)

image
//