ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် တစ်ညတည်း လူ ၂၀၀ ကျော်သေဆုံး
********************
(နိုင်ငံတကာ) မတ်လ ၁၈
ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးလေတပ်၏တိုက်ခိုက်မှုကြောင့် တစ်ညတည်း လူ ၂၂၀ ထပ်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။အစ္စရေးအစိုးရ၏ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုတွင် ပါလက်စတိုင်းလက်ထောက်ပြည်ထဲရေးဝန်ကြီးနှင့် လုံခြုံရေးအရာရှိအချို့သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်အခတ်ရက်စဲရေးသဘောတူညီမှုရယူပြီးနောက် အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်သည်။
အစ္စရေးလေတပ်မှ တိုက်လေယာဉ်အစီး ၂၀ ကျော်သည် ဂါဇာဒေသ ရာဖာနှင့် ခန်းယူနစ်မြို့များရှိ ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ဟားမတ်စ်အဖွဲ့အနေဖြင့် အစ္စရေးမှတောင်းဆိုသော ဓားစားခံလွှတ်ပေးရေးအား ထပ်ခါတလဲလဲငြင်းဆိုမှုနှင့် ကြားဝင်စေ့စပ်သူများ၏ အဆိုပြုချက်များအား ပယ်ချခဲ့သောကြောင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ကြောင်း အစ္စရေးအစိုးရရုံးက ထုတ်ပြန်ထားသည်။
စစ်ပွဲကာလတစ်လျှောက် အစ္စရေးစစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄ သောင်းကျော်သေဆုံးခဲ့ပြီး ဂါဇာကမ်းမြှောင်ဒေသမှ အဆောက်အဦး ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်းသိရသည်။

