စားအုန်းဆီက ကျန်းမာရေးနဲ့ ညီရဲ့လား
*****
စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီး ပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။
စားသုံးမှု မြင့်တက်နေဆဲ စားအုန်းဆီ
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။
စားအုန်းဆီဆိုတာ ဘာလဲ
စားအုန်းဆီဆိုတာက အားလုံးလိုလို သိထားပြီးဖြစ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ ဆီအုန်းပင် အသီးရဲ့ အသားလွှာကနေ ထုတ်လုပ်တာပါ။ စားအုန်းဆီကလည်း တကယ်ကတော့ အသီးအရွက်ဆီ တစ်မျိုးလို့ ဆိုရပါမယ်။ ဆီအုန်းပင်တွေက ကမ်းရိုးတန်းဒေသတွေမှာ ပေါက်ရောက်မှု များပြီး အာဖရိက အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေ ဖြစ်ကြတဲ့ အန်ဂိုလာ၊ ဂါဘွန်း၊ လိုက်ဘေးရီးယား၊ ဆီယာရာလီယွန်၊ နိုင်ဂျီးရီးယားတို့မှာ ပေါက်ရောက်ကြပြီး ရှေးယခင်ကာလတွေကတည်း ဆီထုတ်လုပ် အသုံးပြုခဲ့ကြပါတယ်။
ဒါတင်မကသေးပါဘူး။ ဆီအုန်းပင်တွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်သလို အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ပေါက် ရောက်စိုက်ပျိုးတာတွေ ရှိလာကြပါတယ်။ မြန်မာနိုင်ငံမှာ ဆီအုန်း ထုတ်လုပ် စိုက်ပျိုးတာတွေ ရှိသလို အာရှဒေသရဲ့ ဆီအုန်းထွက်ရှိမှုရဲ့ ၈၀% က အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကပါ။
စားအုန်းဆီက ဈေးသက်သာသလို လူသုံးလည်း များကြပါတယ်။ စားအုန်းဆီဆိုရာမှာ ဆီအုန်းပင်ရဲ့ အသီးဖက်ကို ကြိတ်ပြီး ထုတ်လုပ်တဲ့ မသန့်စင်ရသေးတဲ့ စားအုန်းဆီ ရှိသလို သန့်စင်ပြီးသား စားအုန်းဆီလည်း ရှိပါတယ်။ မသန့်စင်ရသေးတဲ့ စားအုန်းဆီက အနီရောင်ရှိပြီး အနံ့ရော အရသာရော ထူးခြားနေပါတယ်။ လက် ရှိမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စားအုန်းဆီကတော့ သန့်စင်ပြီးသား စားအုန်းဆီတွေပဲ ဖြစ်ပါတယ်။
စားအုန်းဆီက ကျန်းမာရေးနဲ့ ညီလား
စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးဘူးလား ဆိုတာလေးကို လေ့လာကြည့်လိုက်ရအောင် –
ကောင်းကျိုးများ
စားအုန်းဆီက အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။
၁။ ကိုယ်ခံအား ကောင်းစေတယ် ။ စားအုန်းဆီမှာ ဗီတာမင် E ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုကနေ ဗီတာမင် E လုံ လောက်ပြည့်ဝစွာ ရရှိမှုက ကိုယ်ခံအား ကောင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
၂။ ဦးနှောက် ကျန်းမာစေတယ် ။ စားအုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက် ကျန်း မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာ ပါဝင်နေတဲ့ အာဟာရဓာတ် အချို့က ဦးနှောက်တစ်ရှူးတွေကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၃။ နှလုံး ကျန်းမာစေတယ် ။ လေ့လာမှုတွေအရ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E နှလုံးကျန်း မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E က နှလုံးကျန်းမာစေပြီး နှလုံးရောဂါ ပြင်းထန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၄။ ဗီတာမင် A စုပ်ယူမှု ကောင်းစေတယ် ။ စားအုန်းဆီက ခန္ဓာကိုယ်ရဲ့ ဗီတာမင် A စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး အမြင်အာရုံ ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ဆိုးကျိုးများ
စားအုန်းဆီက အာဟာရတွေ များစွာ ပါဝင်နေတယ် ဆိုပေမယ့် အခုလို ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
၁။ သွေးတွင်းကိုလက်စထရော များစေနိုင်တယ် ။ စားအုန်းဆီက သွေးထဲက အကျိုးမပြုတဲ့ အဆီကို မြင့်တက်စေပြီး သွေးတွင်းအဆီ များစေနိုင်ပါတယ်။ စားအုန်းဆီက ထောပတ်ထက် ကျန်းမာတယ်ဆိုပေမယ့် အခြား ဟင်းချက်ဆီတွေထက်တော့ သွေးတွင်းအဆီတက်စေနိုင်ပါတယ်။
၂။ နှလုံးသွေးကြော ကျဉ်းစေနိုင်တယ် ။ စားအုန်း ဆီက သွေးတွင်းအဆီကို မြင့်တက်စေနိုင်သလို အထပ်ထပ် အခါခါ သန့်စင်ပြီး အပူပေးအကြော်ခံထားတဲ့ စားအုန်းဆီက သွေးကြောထဲမှာ အနယ်တွေ စုပုံစေပြီး နှလုံးသွေးကြောကျဉ်းတာကို ဖြစ်စေနိုင်ပါတယ်။
၃။ ပြည့်ဝဆီ ပါဝင်မှု များတယ် ။ အခြား စားသုံးဆီတွေနဲ့ နှိုင်းစာရင် စားအုန်းဆီက ပြည့်ဝဆီ ၅၀% အထိ ပါဝင်နေပြီး ဒါက များပြားတဲ့ ပမာဏပါ။ ဒီလို ပြည့်ဝဆီ ပါဝင်မှု များတာကပဲ နှလုံး ရောဂါ ရစေနိုင်သလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
အကြံပြုချက်
ဒီနေရာမှာ တစ်ခုရှိတာက ရောဂါအခံရှိသူတွေအနေနဲ့ကတော့ စားအုန်းဆီကို မစားသင့်ပါဘူး။ စာအုန်းဆီဆိုတဲ့နေရာမှာလည်း အဆင့်ဆင့် သန့်စင်ထားတဲ့ အကြော်ခံဆီမျိုး ဖြစ်နေမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် ရွေးချယ်စရာ ရှိမယ်ဆိုရင် စားအုန်းဆီအစား တခြားဆီကို ပြောင်းသုံးပါ။
စားအုန်းဆီကရတဲ့ ကျန်းမာရေးအရကောင်းကျိုးတွေ ရှိပေမယ့် ဒါတွေကို တခြားသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေ လိုချင်ရုံသက်သက်နဲ့တော့ စားအုန်းဆီကို မစားပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် စားအုန်းဆီ သုံးရမယ်ဆိုရင် များများမစားဖို့၊ ခဏ ခဏသုံးပြီးသား ဆီတွေ ပြန်မသုံးဖို့ လိုပါတယ်။
(Crd; Hello Sayarwon)
