23 ပတ် - ဘာသာပြန်ပါ။

အမေရိကန်သွင်းကုန်တွေကို တရုတ်နိုင်ငံရဲ့ လက်တုံ့ပြန်အခွန်ကောက်ခံမှု စတင်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်ရဲ့အခွန်ကောက်ခံမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် တရုတ်နိုင်ငံရဲ့ အခွန်ကောက်ခံမှုတွေ ဒီကနေ့မှ စတင်သက်ဝင်မှာဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်မှာ အခွန်အပြန်အလှန်ကောက်ခံမှုတွေ ထွက်ပေါ်လာတာဖြစ်ပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ကြေညာပြီးနောက် မိနစ်ပိုင်းအကြာ ဖေဖော်ဝါရီ ၄ ရက်ကတည်းက ဒီအစီအစဉ်ကို တရုတ်က ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြေညာချက်မှာတော့ အမေရိကန်ရဲ့ ကျောက်မီးသွေးနဲ့ သဘာ၀ဓါတ်ငွေ့ တင်သွင်းမှုအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီး ရေနံစိမ်း၊ လယ်ယာသုံးစက်ယန္တရားတွေနဲ့ အကြီးစားယာဉ်တွေတင်သွင်းမှုကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဆိုပါတယ်။

ဒါအပြင် တရုတ်နိုင်ငံဟာ အီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ထုတ်ကုန်တွေဖန်တီးနိုင်တဲ့ ရှားပါးသတ္တု ၂၅ မျိုးတင်ပို့တာကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်းမှာလည်း တရုတ်နဲ့ အမေရိကန်တို့အကြား အပြန်အလှန်အခွန်ကောက်ခံမှုတွေနဲ့အတူ ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ဇန်နဝါရီလမှ သမ္မတဖြစ်လာပြီးနောက် မက္ကဆီကို၊ ကနေဒါတို့ကိုလည်း အခွန်ကောက်မယ်လို့ ကြေညာခဲ့တဲ့ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

ဒီလိုအခွန်ကောက်ရာမှာ ဘယ်နိုင်ငံတွေကို ပစ်မှတ်ထားပြီး ဘယ်နိုင်ငံတွေ ကင်းလွတ်ခွင့်ရမယ်ဆိုတာကိုတော့ ထရန့်က အသေးစိတ်မပြောပါဘူး။ ဒါပေမယ့် အခွန်ကောက်ခံမယ့်ကိစ္စကို ခုသီတင်းပတ်နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ထရန့်ရဲ့ မှတ်ချက်အပြီးမှာတော့ သံမဏိနဲ့အလူမီနီယံကုမ္ပဏီအချို့ရဲ့ ရှယ်ယာတွေ ကျဆင်းခဲ့ပါတယ်။ မက္ကဆီနဲ့ ကနေဒါတို့ကတော့ အမေရိကန်ရဲ့ အကြီးဆုံး သံမဏိနဲ့အလူမီနီယံ ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်ပါတယ်။ ထရန့်ရဲ့ ပထမသက်တမ်းအတွင်း ကနေဒါ၊ မက္ကဆီကိုနဲ့ အီးယူတို့ရဲ့ သံမဏိသွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

image
//