ကျပ်ငွေတန်ဖိုး ပြန်မာလာ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများကျဆင်းလာ
ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ မြန်မာကျပ်ငွေတန်ဖိုးပြန်မာလာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများကျဆင်းလာကြောင်း ပြင်ပငွေကြေး ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် တစ်ဒေါ်လာ (၄၄၉၀) ရှိခဲ့ရာမှ ယနေ့ ဒီဇင်ဘာ (၃)ရက်၌ တစ်ဒေါ်လာ (၄၄၄၀) အထိလည်းကောင်း ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၀) ကျပ် မှ (၁၂၉.၈ ၇) ကျပ်သို့လည်းကောင်း တရုတ်ယွမ် တစ်ယွမ်လျှင် (၆၁၈) ကျပ် မှ (၆၁၄) ကျပ်သို့ အသီးသီးကျဆင်းလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးခဲ့ရာ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၉၄)သန်းကျော် ၊ ထိုင်းဘတ် (၃၄၆) သန်းကျော်နှင့် တရုတ်ယွမ် (၁၃.၇၅) သန်း ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်မှ ဈေးကွက်အတွင်း နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ (၁)ရက်မှ လက်ရှိအချိန်ထိ ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁.၂၅၈) ဘီလီယံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ယခုဘဏ္ဍာနှစ်၏ (၇) လတာကာလအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၁)ဘီလီယံ ထုတ်ရောင်းပေးထားကြောင်းလည်း ဗဟိုဘဏ်၏ ကြေညာချက်အရ အသိရသည်။
